နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..
အေးမြတဲ့ဆောင်းလည်း
ပဋိပက္ခ ဆန်သလို
နွမ်းလျှစေတဲ့ အလွမ်းကလည်း
သမိုင်းမတွင်တဲ့ အက္ခရာလိုပဲ
တစ်ကယ်တော့....
ဝှက်ထားခြင်းခံရတဲ့ ဥပေက္ခာ တရားတစ်ခုပဲ..
ဓါးသွားလို ထက်မြ
ရှတတဲ့ အကြည့်ရိုင်းတွေအောက်မှာ
စကားမှိုင်းတွေလောက် ဘဝကို ပြာကျစေတာတောင်
ရင်ခုန်သံတွေက ကြီးကျယ်လို့ ကောင်းတုန်း...
နှလုံးသားရဲ့
လက်နက်
မျက်ရည်စက်မသုံးပဲ
အကြည့် တစ်ခုနဲ့တင်
ကာလတွေ ရော်ရင့်
ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..
စကားမကြွယ်တဲ့
နှုတ်ဖျားက ကြားချင်တဲ့
စကားတစ်ခွန်းက ..အတ္တဆိုရင်တောင်
အဲဒီအတ္တက ဘဝကို ခြစား စေလောက်တယ်..
တစ်ခါတစ်လေ
တွေးကြည့်မိတယ်....
မိုးခါးရေ မြိုင်မြိုင်သောက်
လောကဓံ လက်ချောင်းတွေနဲ့
နာကျင်ခြင်းကို မေးတင်ခဲ့တာတောင်
မလောက်ငတဲ့ ဝေးကွာမှုတွေကြောင့်
အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။
No comments:
Post a Comment